Tuesday, November 5, 2013

အသီးအားဖြင့် အပင်၏သဘောကိုသိရ၏

အသီးအားဖြင့် အပင်၏သဘောကိုသိရ၏ (ရှင်မဿဲ၁၂း ၃၃)
မနေ့ညနေက အသင်းသားတယောက်က ကျွန်တော်တို့မိသားစုအတွက် ပဲဇောင်းငါး သီးယူလာပေးပါတယ်….ကျွန်တော်သာမက ဒီအသီးတွေကိုမြင်တဲ့သူတိုင်း အကုန်အံ့သြသွားပါတယ်..ဘာကြောင့်လည်းဆိုတော့ မြေသြဇာလည်း မသုံးပဲနဲ့ အရှည်တတောင်လောက်နီးပါးရှိနေတဲ့ပဲဇောင်းငါးသီးတွေကြောင့်ပါ…အရှည်တတောင်လောက်ရှိပေမဲအံ့သြစရ...ာကောင်း တာက လုံးဝ နုဖတ်နေလို့ပါ…တချို့က မျိုးပေး ပါဆိုပြီး မျိုးတောင်းကြတယ်…ဒီအသီးကို မြင်လိုက်တာနဲ့ ဒီအပင်မျိုးဘယ်လောက်ကောင်းမယ်ဆိုတာ အားလုံးသိကြပါတယ်..ဒီအကြောင်းအရာလေးက ဒီကနေ့ကျွန်တော့်အသက်တာအတွက် ခွန်အားဖြစ်စေမဲ့နှုတ်ကပတ်တော်ဖြစ်ဖို့ ဘုရားသခင်သွန်သင်တယ်လို့ခံစားမိပါတယ်…
တမန်တော်ကြီးရှင်ပေတရုက..၁ပေ ၁း ၂၂ မှာ သင်တို့သည်ဖေါက်ပြန်ပျက်စီးတတ်သသောမျိုးစေ့အားဖြင့်ဖြစ်ဘွားသည်မဟုတ်၊မဖေါက်ပြန်မပျက်စီးတတ်သောမျိုးစေ့ တည်းဟူသောအသက်ရှင်၍အစဉ်အမြဲတည်တော်မူသောဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့်ဖြစ်ဘွားသောကြောင့် ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊အမှန်ချစ်ခြင်းအလိုငှါစိတ်ထဲမှာ သမ္မာတရားကိုနားထောင်လျှက် ကိုယ့်စိတ်နှလုံးကိုစင်ကြယ်စေပြီးသည်နှင့်အညီစင်ကြယ်သောစိတ်နှင့်အချင်းချင်းအားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။
ဒီကနေ့ အမြဲကြားနေရတာက..ရာသီဥတုဖေါက်ပြန်နေပြီ..သဘာဝတရားဖေါက်ပြန်နေပြီ..လူတွေအကျင့်တရားဖေါက်ပြန် နေပြီ…ဆိုတဲ့စကားတွေဖြစ်ပါတယ်…တကယ်လည်း ဖေါက်ပြန်မှုတွေက ကြောက်စရာကောင်းလောက်အောင်ဖြစ်နေပါတယ်…မိသားစုကျင့်ဝတ် တွေဖေါက်ပြန်ကုန်ပြီ..ပျက်စီးကုန်ပြီ..မကြားသင့်တဲ့စကားတွေကို နားယှဉ်နေလောက်အောင်ကိုကြားနေရပါပြီ…ဒီလိုအခြေအနေထဲမှာ အသက်ရှင်နေရတဲ့ကျွန်တော်တို့အတွက် သတိပြုဖို့က …ကျွန်တော်တို့ရဲ့ အစဟာ နှုတ်ကပတ်တော်ဖြစ်တယ်…နှုတ်ကပတ်တော်တည်းဟူသောသခင်ခရစ်တော်က ဘယ်တော့မှမဖေါက်ပြန်နိုင်ပါဘူး…မဖေါက်ပြန်တတ်တဲ့ ခရစ်တော်တည်းဟူသောမျိုးစေ့ကနေ အစပြုခဲ့ပေမဲ့ ဘာကြောင့်ဒီကနေ့ယုံကြည်သူတွေရဲ့အသက်တာ ဖေါက်ပြန်နေရတာလည်း …ခရစ်တော်က မပျက်စီးနိုင်ပေမဲ့ ယုံကြည်သူတွေဘာကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေရတာလည်း..အသီးမလှတော့ အပင်အပြစ်တင်ခံရသလို ကျွန်တော်တို့ မဆင်မခြင်လုပ်လိုက်တဲ့အရာတွေကြောင့် ခရစ်တော်နာမထိခိုက်စရာတွေဖြစ်ခဲ့တာများလှပါပြီ…ဒါကြောင့်ဒီကနေ့ ကျွန်တော်တို့အသက်တာအားဖြင့် ဘုရားဘုန်းတော်ထင်ရှားစေဖို့…ချစ်ယောင်မဆောင်ပါနဲ့.ဟန်ဆောင်ချစ်နေတာ..လိမ်ညာပြီးချစ်နေတာ.မျက်နှာချင်းဆိုင်တုန်းတော့ပြုံးပြပြီး ကျောပေးသွားတဲ့အခါမဲ့ရွဲ့တာမျိုးတွေ စွန့်လွတ်ရအောင်…စိတ်ပျက်စေမဲ့စကား၊လမ်းမှားရောက်စေမဲ့စကား။အမုန်းတွေပွါးများစေမဲ့စကား၊ယုံကြည်ခြင်းပျက်ပြားစေမဲ့ စကား၊ရန်ငြိုးတွေတိုးစေမဲ့စကားတွေကိုဘေးဖယ်ပြီး သမ္မာတရားစကားနားထောင်ရအောင်၊ ကိုယ့်ရဲ့အပြင်ပန်းသန့်ရှင်းဖို့သပ်ရပ်ဖို့သေချာဖို့အတွက် ဂရုစိုက်သလို အရေးအကြီးဆုံးဖြစ်တဲ့ စိတ်နှလုံး ကိုနှုတ်ကပတ်တော်နဲ့ဆေးကြောရအောင်၊ ကျွန်တော်တို့အားဖြင့်ခရစ်တော်ဘုန်းတော်ထင်ရှားစေဖို့ ပြင်ဆင်ရအောင်…. စိုင်းမျိုးမြင့် (ကျေးဇူးတော်အသင်းတော်)

No comments: