ကျွန်မအိပ်ရာဝင်တော့ ည(၁၁)နာရီထိုးနေပြီ။ ပြတင်းပေါက်အပြင်ဘက်မှာ မိုးတဖွဲဖွဲကျနေတယ်။ စောင်အောက်ထဲ ကျွန်မတိုးဝင်ရင်း နှိုးစက်ကိုယူလိုက်တယ်။ နှိုးစက်ကရပ်နေတယ်---- ဓာတ်ခဲဝယ်ဖို့ ကျွန်မမေ့သွားပြန်ပြီ။ ဒီလောက်အေးတဲ့ ရာသီဥတုမှာ အိပ်ရာထက်ကကျွန်မ မထချင်တော့ဘူး။ ကြိုးဖုန်းကို ကောက်လှည့်ပြီး အဝေးကအမေကို ကျွန်မလှမ်းဖုန်းဆက်လိုက်တယ်။
"မေမေ.. သမီးနှိုးစက် ဓာတ်ခဲကုန်သွားလို့... မနက်ဖြန်အစောကြီး ကုမ္ပဏီမှာ အစည်းအဝေးရှိတယ်။ မနက်(၆)နာရီမှာ သမီးကိုဖုန်းဆက်ပြီး နှိုးပါနော်"
"ကောင်းပါပြီ... သမီး" ဖုန်းတစ်ဘက်က အိပ်ချင်မူးတူးနဲ့ အမေအသံကို ကြားရတယ်။
မနက်ဖုန်းမြည်တဲ့အချိန် ကျွန်မ အိပ်မက်လှလှမက်နေတုန်းပဲ။ အပြင်မှာလည်း မှောင်မည်းနေသေးတယ်။
"သမီးငယ်... ထတော့.. အစည်းအဝေးရှိတယ် မဟုတ်လား!"
လက်မြှောက်ပြီး နာရီကို ကျွန်မကြည့်လိုက်တယ်။ မနက် ၅နာရီ မိနစ်၎ဝ....
"မေမေကလဲ ၆နာရီမှနှိုးတာ မဟုတ်ဘူး။ သမီး ပိုအိပ်ချင်သေးလို့ပါ... ခုတော့ မေမေကြောင့် သမီးစောစောနှိုးသွားပြီ"
မေမေကို စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မအော်မိတယ်။ မေမေဘက်က ဘာအသံမှထွက်မလာခဲ့လို့ ကျွန်မဖုန်းချလိုက်တယ်။
ဖြီးလိမ်းပြင်ဆင်ပြီး အိမ်ကနေ ကျွန်မထွက်ခဲ့တယ်။ ရာသီဥတုက အေးစိမ့်စိမ့်နဲ့ မိုးကဖွဲဖွဲကျနေသေးတယ်။ ဘတ်စ်ကားရပ်စောင့်ရင်း ခြေထောက်တွေကို ကျွန်မလှုပ်ရှားနေမိတယ်။ ဝေလီဝေလင်း ပတ်ဝန်းကျင်အောက်မှာ ကျွန်မဘေးရပ်နေတဲ့ ဆံဖြူလူအိုနှစ်ယောက်ကို ကျွန်မ သတိထားလိုက်မိတယ်။ သူတို့ပြောတဲ့စကားကို ကျွန်မနားထောင်နေမိတယ်။
"အဘွားကြီး... တစ်ညလုံး နင်ကောင်းကောင်းမအိပ်ခဲ့ဘူး။ တစ်နာရီစောပြီး ငါ့ကိုလောနေလိုက်တာ.. အခုကြည့်စမ်း အကြာကြီးရပ်စောင့်နေရပြီ"
ဟုတ်ပါတယ်... ဂိတ်ကနေ ဦးဆုံးထွက်မယ့် ဘတ်စ်ကားကို ၅မိနစ်စောင့်ရဦးမယ်။
ဘတ်စ်ကားရောက်လာတာနဲ့ ကားပေါ် ကျွန်မတက်လိုက်တယ်။ ကားမောင်းတဲ့လူက လူငယ်လူရွယ်တစ်ယောက်ပါ။ ကားပေါ်ကျွန်မရောက်တာနဲ့ ကားတံခါးကိုပိတ်ပြီး သူမောင်းထွက်သွားတယ်။
"ဟိုး..ဟိုး.. ကားဆရာ အောက်မှာလူအိုနှစ်ယောက် ကားပေါ်မတက်ရသေးဘူး။ ရာသီဥတု ဒီလောက်အေးတာ.. သူတို့ကားစောင့်နေတာကြာပြီ။ ရှင်ဘာဖြစ်လို့ မစောင့်ဘဲ မောင်းထွက်သွားရတာလဲ?"
"အော်.. ကိစ္စမရှိပါဘူး။ အဲတာ ကျွန်တော့်အဖေနဲ့အမေပါ။ ဒီနေ့ ကျွန်တော်ဘတ်စ်ကား စမောင်းတဲ့နေ့မို့ ကျွန်တော့်ကို လာစောင့်ကြည့်ကြတာပါ" လူရွယ်က ခပ်သွက်သွက်ပြန်ဖြေတယ်။
ရုတ်တရက် ကျွန်မမျက်ရည်ကျမိတယ်။ "သမီးရဲ့မေမေက တစ်ညလုံးကောင်းကောင်းမအိပ်ဘဲ နှိုးနေခဲ့တယ်။ သမီးနောက်ကျမှာစိုးလို့တဲ့" ဖုန်းဆက်ပြောလာတဲ့ အဖေရဲ့စကားကို ကျွန်မကြားယောင်ရင်း ဂျုးလူမျိုးတို့ရဲ့ စကားပုံတစ်ခုကို ကျွန်မ သွားသတိရမိတယ်။
အဖေကသားကို ပစ္စည်းပေးတဲ့အချိန် သားရယ်တယ်။
သားကအဖေကို ပစ္စည်းပေးတဲ့အချိန် အဖေငိုတယ်။
သင်ရော မျက်ရည်ကျခဲ့ပြီလား! အခုထက်ထိ ကျွန်မမျက်လုံးမှာ မျက်ရည်တွေ စွတ်စိုနေဆဲပါ။ ဆံဖြူဖြူမိဘတွေပေးဆပ်တဲ့ တည်တည်ငြိမ်ငြိမ်မေတ္တာကို ကျွန်မတို့ ဂရုမစိုက်မိတာ နှစ်ဘယ်လောက်တောင် ကြာခဲ့ပြီလဲ! အဲဒီမေတ္တာကို ဝန်တစ်ခုလို့ ကျွန်မတို့ထင်ခဲ့ကြတယ်။ သူတို့ရဲ့ အသေးစိတ်ဂရုစိုက်တဲ့ စကား၊ အမေးတွေကို စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မတို့ငြင်းဆန်အာခံခဲ့တယ်။ သူတို့ရင်ထဲက အချစ်နဲ့ပြည့်နေတဲ့ နှလုံးသားကိုတော့ ကျွန်မတို့ သတိမထားမိခဲ့ကြဘူး။
တကယ်လို့ မိဘတွေရဲ့အချစ်ကို ကျွန်မတို့သည်းခံနားလည်ခဲ့ရင် သူတို့ပိုပြီးပျော်ရွှင် ကျေနပ်လိမ့်မယ်ထင်ပါတယ်။ စိတ်ရှည်ရှည်လေးထားပြီး သူတို့ပြောတာ၊ မေးတာကို ပြန်ပြော၊ ပြန်ဖြေမယ်။ နေကောင်း ကျန်းမာလားဆိုတဲ့ ဖုန်းလေးတစ်ချက်ဆက်ခဲ့မယ်။ သူတို့အနား တစ်ရက် နှစ်ရက်လောက် ချွဲချွဲကပ်ကပ်နေမယ်..... ဒါတွေက ဘာခက်ခဲတဲ့အလုပ်မှ မဟုတ်ပါဘူး... ကျွန်မတို့သာ စိတ်ရှိခဲ့မယ်ဆိုရင်လေ..........
မူရင်း .. http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20100427/142408.html (ဆီလျော်အောင် ဘာသာပြန်ပါတယ်)
နိုင်းနိုင်း(စနေ) ဘာသာပြန်ထားခြင်းကိုပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။
Friday, July 15, 2011
ဘုရားသခင်သည် အချိန်တိုင်းမှာကောင်းမြတ်တော်မူ၏
ဘုရားသခင်သည် အချိန်တိုင်းမှာ ကောင်းမြတ်တဲ့ ဘုရားရှင်ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကနေ့ယုံကြည်သူအများစု ကဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို ကောင်းကောင်းနားမလည်ကြပါဘူး
ဘာနဲ့တူသလဲဆိုတော့ သားသမီးတွေမိဘရဲ့ ကောင်းမွန်တဲ့ အကြံအစည်၊သဘောထားကို
နားမလည်နိုင်သလိုပေါ့။ သားသမီးတွေ လိုတာရှိရင် မိဘတွေကိုတောင်းမယ်၊အ၀တ်
အစား၊အစားအသောက် ငွေကြေးအစရှိသမျှပေါ့ ။အဲ့လိုတောင်းလို့ မိဘက ပေးနိုင်တဲ့အချိန်
ပေးသင့်တဲ့အချိန် ကိုကြည့်ပြီးပေးသလို မပေးနိုင်သလို၊မပေးသင့်တဲ့ အခြေအနေမျိုးတွေလည်းရှိမှာပါ
ဒါပေမဲ့ သားသမီးတွေက မိဘပေးနိုင်တဲ့အချိန်မှာတော့ အဖေအမေက ကောင်းတယ် ငါတို့ကိုချစ်တယ် လို့ခံယူပေမဲ့၊မပေးနိုင်တဲ့ အခြေအနေမျိုးကြောင့်မပေးဖြစ်ခဲ့ရင်တော့ မိဘတွေက ငါတို့ကိုမချစ်ဘူး ငါတို့အပေါ်မှာ မကောင်းဘူးလို့ မြင်တတ်ကြတယ်.. ကျွန်တော်လည်း ဒီအတိုင်းပါပဲ ငယ်စဉ်အခါက မိဘတွေရဲ့ ကိုယ့်အပေါ်မှာထားခဲ့တဲ့ မေတ္တာ စေတနာကို နားမလည်ခဲ့ဘူး။ ဒီကနေ့နားလည်တဲ့အချိန်ကြတော့ အဖေက အနားမှာမရှိတော့ဘူး..
ဒီလိုပါပဲ ယုံကြည်သူတွေက ဘုရားသခင်ကောင်းမြတ်တယ်။ဘုရားသခင်ကျွန်တော် ကျွန်မတို့ကိုချစ်တယ်လို့ နှုတ်အားဖြင့်ပြောဆိုနေကြပေမဲ့ တကယ်ဘုရားသခင်ကောင်းမြတ်ခြင်းကိုနားမလည်တဲ့သူတွေအများကြီးရှိနေတယ်.. လုပ်သမျှ ကြံစည်သမျှ အခက်အခဲဘေးအန္တာရယ်တွေကလွတ်မြောက်တယ်ဆိုရင် ကျေးဇူးတော်ပဲ၊ဘုရားသခင်ကောင်းမြတ်လိုက်တာလို့ ၀န်ခံနိုင်ပေမဲ့ ။လုပ်သမျှမဖြစ်တဲ့အခါ ကြံစည်သမျှ မအောင်မြင်တဲ့အခါ အခက်အခဲများနဲ့ကြုံရတဲ့အခါ ဆိုရင်တော့ ကိုယ်တော်ဘယ်လိုလဲ၊ဘာကြောင့်လည်း ဆိုတဲ့မေးခွန်းတွေမေးတတ်ကြတယ်.. ဒီနေ့ဘုရားသခင်ကောင်းမြတ်ခြင်းဟာ ကျွန်တော်တို့ရဲ့အခြေအနေနဲ့ မဆိုင်ပါဘူး၊ ကျွန်တော်တို့ရဲ့အခြေအနေတွေပေါ်မှာ ကြည့်ပြီး ဘုရားကောင်းတယ် မကောင်းဘူးလိုက်ဆုံးဖြတ် ခံယူနေမယ်ဆိုရင် မှားနေပြီ။ ဘာကြောင့်လည်း ဆိုတော့လူဟာ ဘယ်တော့မှ တည်ငြိမ်တဲ့ အခြေအနေမှာ မရှိနိုင်ဘူး။ လူဟာ အိတ်ကတ် ဖေါင်းနေရင် စိတ်ပြောင်းတတ်တယ် မဟုတ်လား။အိတ်ကတ်ပြားနေရင် လည်း စိတ်ကစားတတ်ပြန်တာပဲ၊ ဒါကြောင့် အခြေအနေပေါ်မှုတည်ပြီး ဘုရားကိုယုံကြည်အားကိုးတဲ့သူဟာ ဘယ်တော့မှ ဘုရားကောင်းမြတ်ခြင်းကို မမြင်နိုင်ဘူး၊ ဘုရားသခင်ကောင်းမြတ်ခြင်း အပေါ်မှာ မှုတည် တဲ့သူကိုတော့ အခြေအနေတိုင်းမှာ အောင်မြင်ခွင့်ကို ဘုရားရှင်ပေးနိုင်တယ်..ဒါကြောင့်ကျွန်တော်အနေနဲ့မိတ်ဆွေများကို တိုက်တွန်းချင်တာက မယုံကြည်သူတွေလို အခြေအနေပေါ်ကြည့်ပြီး အသက်မရှင်ပါနဲ့. ဒီနေ့ တိုင်းပြည်အခြေအနေ၊ရာသီဥတု အခြေအနေ၊မိသားစု အခြေအနေ၊ကမ္ဘာကြီးပြောင်းလဲနေတဲ့ အခြေအနေ၊စီးပွားရေးအခြေအနေ၊ ကျမ္မာရေးအခြေအနေ စားဝတ်နေရေးအခြေအနေတွေ ကြောင့် စိတ်ပျက်မနေပါနဲ့ အဲ့ဒီအခြေအနေတွေက ကျွန်တော်တို့ ဆွဲချမဲ့အခြေအနေတွေပဲဖြစ်တယ် အဲ့ဒီအခြေအနေတွေကိုကြည့်နေသရွှေ့ ကျွန်တော်တို့အောင်မြင်မှာမဟုတ်ဘူး ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို ယုံကြည်ပါ။အားကိုးပါ။ ရှင်ယောဟန်သြ၀ါဒစာ ပဌမစောင် ၄း၎ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက်သာ၍ကြီးတော်မူ၏
ဒီကနေ့ ကျွန်တော်တို့ဘက်မှာ၊ ကျွန်တော်တို့အထဲမှာ ရှိသောသူဟာ တခြားသူမဟုတ်ပါဘူး၊အရာခပ်သိမ်းကို ဖန်ဆင်းပိုင်သတဲ့ဘုရားရှင်ဖြစ်တယ်၊ ဒါကြောင့်သင်အခြေအနေတွေကိုကြည့်ပြီး စိတ်ဓါတ်ကျနေခဲ့ရင် ကျွန်တော်လို ငါ့ဘက်မှာရှိတဲ့သူဟာ လောကဘက်မှာ ရှိတဲ့သူထက် သာ၍ကြီးတယ်လို့ ယုံကြည်ခြင်းနဲ့ခွန်အားယူလိုက်ပါ။ ရှင်ပေါလု သွန်သင်သလို we walk by faith not by side.
ယုံကြည်ခြင်းနဲ့လျှောက်လှမ်းရင် အခြေအနေတိုင်းမှာ ဘုရားသခင်ကောင်းမြတ်ခြင်းကိုသင်မြင်တွေ့လာမှာပါ။
ဘုရားသခင်ကောင်းကြီးပေးပါစေ

Thursday, July 14, 2011
Subscribe to:
Posts (Atom)