Saturday, September 3, 2011

လူတိုင်းမှာ ကိုယ့်ကိုယ်ချစ်တဲ့သူ တယောက်တော့ရှိပါတယ်

တစ်ခါက ရထားတွဲတစ်ခုပေါ်မှာ ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ထိုင်မိတာက နုနုငယ်ငယ် ဇနီးမောင်နှံနှစ်ဦးဖြစ်တယ်။ သူတို့ရဲ့ ဝတ်စားဆင်ယင်မှုက သူတို့ရဲ့အခြေအနေကို ခန့်မှန်းရခက်စေခဲ့တယ်။ ယောက်ျားဖြစ်သူက ညှင်းသိုးသိုးပုံစံနဲ့၊ မျက်လုံးက တစ်ဖက်ကြီး တစ်ဖက်ငယ်နဲ့ ကြည့်ရတာ ရုပ်သိပ်သန့်မနေခဲ့ဘူး။ မိန်းမဖြစ်သူရဲ့ရုပ်ရည်က ပိုလိုဆိုးနေခဲ့တယ်။ နှဖူးကချိမ့်ဝင်ပြီး ပါးနှစ်ဖက်က ရွတ်တွနေခဲ့တယ်။ ဒီလိုပုံစံမိန်းမမျိုး လမ်းပေါ်လျှောက်နေရင် လှည့်ကြည့်မယ်သူတောင် ရှိမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ပြောရဲတယ်။

ကျွန်တော်ရှေ့ထိုင်ခုံပေါ်မှာ သူတို့ထိုင်နေကြတယ်။ သူတို့ရှေ့မှာ ပန်းသီး၊ လိမ္မော်သီး၊ ကိုကာကိုလာ စတဲ့အစားအသောက်တွေ အပြည့်တင်ထားတယ်။ ယောက်ျားဖြစ်သူက လိမ္မော်သီးခွာပြီး မိန်းမပါးစပ်ထဲ တစ်စိတ်ထည့်ပေးလိုက်တယ်။ လိမ္မော်သီးကို မိန်းမက အားရပါးရဝါးစားတယ်။ သိမ်မွေ့ညင်သာပုံ တစ်စက်မှ မပေါက်ခဲ့ဘူး။ ယောက်ျားဖြစ်သူက လိမ္မော်သီးခွာလိုက် မိန်းမပါးစပ်ထဲ ထိုးထည့်ပေးလိုက် လုပ်နေတယ်။ ယောက်ျားရဲ့ မျက်နှာအသွင်အပြင်ကို ကျွန်တော်အကဲခတ်ကြည့်တော့ ယောက်ျားတိုင်းမှာရှိတဲ့ တည်ငြိမ်ခြင်းမျိုး.... မိန်းမရဲ့မျက်လုံးထဲမှာတော့ မိန်းမတိုင်း အလွယ်တကူထုတ်ပြတတ်တဲ့ ပျော်ရွှင်ခြင်းမျိုး ရစ်ဝဲနေခဲ့တယ်။

သူတို့အတွဲကိုကြည့်ပြီး ကျွန်တော့်နှလုံး ခပ်ဆတ်ဆတ်လေးတစ်ချက် ခုန်သွားတယ်။ တကယ်တော့ ဒီလောကမှာ တကယ့်အထီးကျန်တဲ့လူတွေ နည်းပါးတယ်ဆိုတာကို ကျွန်တော်သတိထားလိုက်မိတယ်။ လူတိုင်းလူတိုင်းမှာ ချစ်သူဆိုတာ အပါးမှာရှိနေပြီးသားပါ။ ရုပ်ဆိုးတဲ့ယောက်ျားမှာလည်း သူနဲ့လိုက်ဖက်တဲ့၊ သူ့ကိုချစ်ကြိုက်တဲ့ မိန်းကလေးရှိပါတယ်။

လုံးဝမလိုက်ဖက်တဲ့စုံတွဲတွေ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ပျော်ပျော်ရွှင်ရွှင် သွားလာနေတာကို ကျွန်တော်တို့မကြာခဏ တွေ့ရတတ်ပါတယ်။ ဒီလိုအဖြစ်မျိုးက စကားလုံးနည်းနည်းနဲ့ ဘယ်လိုရှင်းပြလို့မှ မရနိုင်ခဲ့ပါဘူး။ အရပ်ပုပုယောက်ျားတစ်ယောက်က အရပ်သွယ်သွယ် မိန်းကလေးတစ်ယောက်နဲ့ တွဲတာမျိုး၊ လမ်းလျှောက်ရင် မောဟိုက်တတ်တဲ့ မိန်းမဝဝတုတ်တုတ်တစ်ယောက်နဲ့ လေတိုက်ရင် လဲကျမလားလို့ ထင်ရတဲ့ ယောက်ျားတစ်ယောက် တွဲတာမျိုး၊ တစ်ယောက်က မဲတူးကြမ်းတမ်းပြီး ကျန်တစ်ယောက်က ဖြူဆွတ်သိမ်မွေ့တာမျိုး....

ပညာရှင်တွေရဲ့ပြောကြားချက်အရ ဒီလိုဆန့်ကျင်ဖက်တွေရဲ့ပေါင်းစပ်ခြင်းက ရုပ်ရည်ချောမောတဲ့ ယောက်ျားမိန်းမတို့ရဲ့ ပေါင်းစပ်ခြင်းထက် ပိုတည်မြဲ၊ ခိုင်မြဲစေတယ်လို့ဆိုပါတယ်။ ဒါဟာ လူတိုင်းရဲ့ခန္ဓာကိုယ်ပေါ်မှာ ထူးခြားတဲ့အရာတစ်မျိုးကြောင့်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒီအရာဟာ တခြားလူတွေအတွက် ဘာမှမထူးခြား၊ ဘာမှမထိုက်တန်ပေမယ့် လိုက်ဖက်သင့်တော်သူကို ဆိတ်ဆိတ်ငြိမ်ငြိမ်လေး စောင့်နေခဲ့ပါတယ်။ သူ(သူမ)ကိုချစ်တဲ့လူကမှ အဲဒီအရာကို ခံစားမိနိုင်မှာဖြစ်ပါတယ်။

အပင်တစ်ပင်အတွက် တွင်းတစ်တွင်းက ရှိနေစမြဲပါ။ ဘုရားသခင်က ဘယ်အပင်ကိုမှ စွန့်လွှတ်ထားမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ အခု သင်ဟာတစ်ကိုယ်ရည်သမား၊ အထီးကျန်နေသူဆိုရင် စိတ်မပူပါနဲ့... သင့်ကိုချစ်တဲ့လူက သင့်ကိုရှာဖွေနေပါတယ်။ သူရောက်အလာကို သင်စောင့်ဆိုင်းနေတာပါ...
မူရင်း--- http://www.duwenzhang.com/wenzhang/aiqingwenzhang/20110825/197926.html

Sunday, August 28, 2011

တကယ်အရေးပါတဲ့အရာ

တကယ့်အရေးပါတဲ့အရာ !


စိတ်တိုတဲ့အခါ (၁ဝ)အထိရေပြီးမှ စကားစပြောပါ။ တကယ်လို့ အရမ်းဒေါသထွက်တဲ့အခါ (၁ဝဝ)အထိရေပါ။ ------- အမေရိကန်နိုင်ငံရေးပညာရှင် Thomas Jefferson

အသက်(၅)နှစ်အရွယ်သားလေးကို အရမ်းချစ်တဲ့ ဇနီးမောင်နှံနှစ်ဦးရှိတယ်။ သားလေးကလည်း လိမ္မာသိတတ်သူမို့ တစ်မိသားစုလုံး ပျော်ရွှင်ချမ်းမြေ့ကြတယ်။

တစ်နေ့မှာ သားက မိခင်ဆီပြေးလာပြီး ဝမ်းသာအားရနဲ့ "မေမေ... မေမေ.. ဒီနေ့က ဖေဖေ့မွေးနေ့နော်။ ဖေဖေအံ့သြဝမ်းသာသွားအောင် ဖေဖေအတွက် သားအလုပ်တစ်ခုလုပ်ထားတယ်" လို့ဆိုတယ်။

"ဖေဖေအတွက် သားဘာလုပ်ပေးထားသလဲ?"လို့ မိခင်ဖြစ်သူက တအံ့တသြမေးတော့ သားက ကျေနပ်အားရတဲ့အသံနဲ့ "ဖေဖေရဲ့ကွန်ပြူတာပေါ်မှာ ဖုန်တွေနဲ့ညစ်ပတ်နေလို့ သားယူပြီး ရေဆေးပေးထားလိုက်တယ်" လို့ ပြောတယ်။

"ဘာ! ကွန်ပြူတာကို ရေဆေးလိုက်တယ်" သားစကားကိုကြားတာနဲ့ မိခင်က ရေချိုးခန်းထဲ အမြန်ပြေးဝင်သွားတယ်။ တကယ်ပဲ ယောက်ျားဖြစ်သူရဲ့ အကြိုက်ဆုံးအဖိုးတန် လက်တော့ပ်ကွန်ပြူတာလေးက ဆပ်ပြာမြုပ်ကြားထဲမှာ စိမ်နေတာကိုတွေ့လိုက်တယ်။ ကွန်ပြူတာကို သူအမြန်ဆယ်လိုက်ပေးမယ့် အချိန်မမီခဲ့တော့ပါဘူး။ ကွန်ပြူတာလေး ပျက်စီးသွားခဲ့ပါပြီ။

မိခင်က စိတ်တိုပြီး သားလေးကို ဆူဆဲတော့တယ်။ ဘာမှန်းမသိတဲ့ သားလေးက ငိုငိုယိုယိုပါပဲ။

အမေရဲ့ အော်ငေါက်သံ၊ သားလေးရဲ့ငိုသံကြောင့် ဖခင်က အပြေးနဲ့လာကြည့်တယ်။ ရေတစက်စက်ကျနေတဲ့ ကွန်ပြူတာကိုမြင်တော့ သူတစ်ချက်မှင်သက်သွားပြီး မျက်နှာလည်းသုန်မှုန်သွားတော့တယ်။ ဖခင်ကိုကြည့်ပြီး ဖခင်စိတ်တိုတော့မယ်ဆိုတာကို သိတဲ့သားက ခေါင်းလေးကျုံ့ပြီး ကြောက်လန့်နေခဲ့တယ်။

ဒါပေမဲ့ ဖခင်က စက္ကန့်ပိုင်းလောက်တည်ငြိမ်သွားပြီး လေကိုတဝကြီးရှုလိုက်တယ်။ ပြီးတော့ ဇနီးရဲ့ပုခုံးကိုပုတ်ပြီး "ကွန်ပြူတာက ပျက်သွားပြီပဲ.. ထားလိုက်ပါတော့ သားကို ဆူမနေနဲ့တော့" လို့ဆိုတယ်။

"မဆူလို့ရမလား! ဒီကွန်ပြူတာက မောင် အနှစ်သက်ဆုံးပစ္စည်းလေ... " ဇနီးလေသံက မာနေတုန်းပဲ...

"ခင် မှားတယ်။ ဒီကွန်ပြူတာက မောင်ရဲ့"ဒုတိယ"နှစ်သက်တဲ့အရာပါ။ "ပထမ"နှစ်သက်တဲ့အရာက ခင်နဲ့သားလေးပါ။ ဒါကြောင့် ခင်ဒေါသထွက်တာကို မောင်မကြည့်ရက်သလို သားလေးငိုသံကိုလည်း မောင် မကြားရက်ပါဘူး" လို့ ယောက်ျားဖြစ်သူက မျက်ခွံကိုပုတ်ခပ်ရင်း ဆိုပါတယ်။


ပုံပြင်တစ်ပုဒ်ကလည်း ဒီလိုဆိုထားပါတယ်....

တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ သားအမိနှစ်ယောက်ဟာ နောက်ပိုင်းမှာ ခေါ်ခေါ်ပြောပြော မလုပ်ကြတော့ပါဘူး။

အကြောင်းက အစ်မ မင်္ဂလာဆောင်ချိန်နဲ့ ညီမ မင်္ဂလာဆောင်ချိန်ဟာ နှစ်လလောက်ပဲခြားတယ်။ အစ်မ မင်္ဂလာဆောင်တော့ အမေဖြစ်သူက မိဘစဉ်ဆက်ထားခဲ့တဲ့ အဖိုးတန်ကျောက်စိမ်းလက်ကောက်ကို လက်ဖွဲ့လိုက်တယ်။ ဒါကို ညီမကသိတော့ အစ်မကိုပဲပေးတယ်၊ ကိုယ်ကျတော့မရဘူး၊ အမေဖြစ်သူ မတရားဘူးဆိုပြီး အမေနဲ့ အကြီးအကျယ်ရန်ဖြစ်တဲ့အပြင် အစ်မကိုပါ ဆူဆဲတော့တယ်။ အဲဒီနောက် စိတ်ဆိုးပြီး တစ်အိမ်လုံးနဲ့ မဆက်သွယ်ခဲ့တော့ဘူး။

ရက်တွေ တစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့တယ်။ အမေနဲ့အစ်မကို သူစိတ်မဆိုးတော့ဘူး။ ဒါပေမဲ့ မျက်နှာကို သူအောက်မချနိုင်ခဲ့ဘူး။ သူတို့ကို ဘယ်လိုပြန်ခေါ်ရမယ်ဆိုတာကိုလည်း မသိခဲ့ဘူး။ နောက်ဆုံးမှာ မိသားစုနဲ့တွေ့ဆုံဖို့ သူအခွင့်အရေးတစ်ခု ရလိုက်ပါတယ်။ အမေရဲ့ အသုဘအခမ်းအနားမှာဖြစ်တယ်။

"လက်ကောက်လေးတစ်ခုနဲ့ အရင်းနှီးဆုံး၊ အချစ်ဆုံးမိသားစုကို ကျွန်မလက်လွတ်ဆုံးရှုံးခဲ့တယ်။ ကျွန်မ တုံးအလွန်းပါတယ်" လို့ နောင်တနဲ့ သူပြောခဲ့ပါတယ်။

လူတိုင်းက သူတို့ဘဝမှာ အရေးအပါဆုံးသူဟာ ဘယ်သူပါဆိုပြီး အလွယ်တကူပြောနိုင်ကြတယ်။ အဲဒီအရေးပါသူတွေက မိဘ၊ သားသမီး၊ ဘဝဖော်၊ ..... စတာတွေဖြစ်တယ်။ ဒါပေမဲ့ ထူးဆန်းတာက ကျွန်မတို့ဟာ "အရမ်းကြီး အရေးမပါတဲ့ကိစ္စ၊ အရာတွေ"နဲ့ "တကယ့်အရေးပါတဲ့လူတွေ"ကို မကြာခဏ ထိခိုက်နာကျင်စေခဲ့ပါတယ်။


မူရင်း -- http://share.youthwant.com.tw/sh?id=31023170&do=D

အချစ်နဲ့နားလည်မှု

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။ "အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။

"နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။ နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး...
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှုအလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။
မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။

ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။

သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း
သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။ ချစ်ရတာလည်း စိတ်ပင်ပန်း၊
လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။

သင့်ကိုနားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ...
ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည်သဘောပေါက်လိုက်တာက "နားလည်မှုမပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။

မူရင်းလင့် --- http://www.duwenzhang.com/wenzhang/aiqingwenzhang/ganwu/20110822/197585.html

Friday, July 15, 2011

စိတ်ရှိမယ်ဆိုရင်လေ

ကျွန်မအိပ်ရာဝင်တော့ ည(၁၁)နာရီထိုးနေပြီ။ ပြတင်းပေါက်အပြင်ဘက်မှာ မိုးတဖွဲဖွဲကျနေတယ်။ စောင်အောက်ထဲ ကျွန်မတိုးဝင်ရင်း နှိုးစက်ကိုယူလိုက်တယ်။ နှိုးစက်ကရပ်နေတယ်---- ဓာတ်ခဲဝယ်ဖို့ ကျွန်မမေ့သွားပြန်ပြီ။ ဒီလောက်အေးတဲ့ ရာသီဥတုမှာ အိပ်ရာထက်ကကျွန်မ မထချင်တော့ဘူး။ ကြိုးဖုန်းကို ကောက်လှည့်ပြီး အဝေးကအမေကို ကျွန်မလှမ်းဖုန်းဆက်လိုက်တယ်။

"မေမေ.. သမီးနှိုးစက် ဓာတ်ခဲကုန်သွားလို့... မနက်ဖြန်အစောကြီး ကုမ္ပဏီမှာ အစည်းအဝေးရှိတယ်။ မနက်(၆)နာရီမှာ သမီးကိုဖုန်းဆက်ပြီး နှိုးပါနော်"

"ကောင်းပါပြီ... သမီး" ဖုန်းတစ်ဘက်က အိပ်ချင်မူးတူးနဲ့ အမေအသံကို ကြားရတယ်။

မနက်ဖုန်းမြည်တဲ့အချိန် ကျွန်မ အိပ်မက်လှလှမက်နေတုန်းပဲ။ အပြင်မှာလည်း မှောင်မည်းနေသေးတယ်။

"သမီးငယ်... ထတော့.. အစည်းအဝေးရှိတယ် မဟုတ်လား!"

လက်မြှောက်ပြီး နာရီကို ကျွန်မကြည့်လိုက်တယ်။ မနက် ၅နာရီ မိနစ်၎ဝ....

"မေမေကလဲ ၆နာရီမှနှိုးတာ မဟုတ်ဘူး။ သမီး ပိုအိပ်ချင်သေးလို့ပါ... ခုတော့ မေမေကြောင့် သမီးစောစောနှိုးသွားပြီ"

မေမေကို စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မအော်မိတယ်။ မေမေဘက်က ဘာအသံမှထွက်မလာခဲ့လို့ ကျွန်မဖုန်းချလိုက်တယ်။

ဖြီးလိမ်းပြင်ဆင်ပြီး အိမ်ကနေ ကျွန်မထွက်ခဲ့တယ်။ ရာသီဥတုက အေးစိမ့်စိမ့်နဲ့ မိုးကဖွဲဖွဲကျနေသေးတယ်။ ဘတ်စ်ကားရပ်စောင့်ရင်း ခြေထောက်တွေကို ကျွန်မလှုပ်ရှားနေမိတယ်။ ဝေလီဝေလင်း ပတ်ဝန်းကျင်အောက်မှာ ကျွန်မဘေးရပ်နေတဲ့ ဆံဖြူလူအိုနှစ်ယောက်ကို ကျွန်မ သတိထားလိုက်မိတယ်။ သူတို့ပြောတဲ့စကားကို ကျွန်မနားထောင်နေမိတယ်။

"အဘွားကြီး... တစ်ညလုံး နင်ကောင်းကောင်းမအိပ်ခဲ့ဘူး။ တစ်နာရီစောပြီး ငါ့ကိုလောနေလိုက်တာ.. အခုကြည့်စမ်း အကြာကြီးရပ်စောင့်နေရပြီ"

ဟုတ်ပါတယ်... ဂိတ်ကနေ ဦးဆုံးထွက်မယ့် ဘတ်စ်ကားကို ၅မိနစ်စောင့်ရဦးမယ်။

ဘတ်စ်ကားရောက်လာတာနဲ့ ကားပေါ် ကျွန်မတက်လိုက်တယ်။ ကားမောင်းတဲ့လူက လူငယ်လူရွယ်တစ်ယောက်ပါ။ ကားပေါ်ကျွန်မရောက်တာနဲ့ ကားတံခါးကိုပိတ်ပြီး သူမောင်းထွက်သွားတယ်။

"ဟိုး..ဟိုး.. ကားဆရာ အောက်မှာလူအိုနှစ်ယောက် ကားပေါ်မတက်ရသေးဘူး။ ရာသီဥတု ဒီလောက်အေးတာ.. သူတို့ကားစောင့်နေတာကြာပြီ။ ရှင်ဘာဖြစ်လို့ မစောင့်ဘဲ မောင်းထွက်သွားရတာလဲ?"

"အော်.. ကိစ္စမရှိပါဘူး။ အဲတာ ကျွန်တော့်အဖေနဲ့အမေပါ။ ဒီနေ့ ကျွန်တော်ဘတ်စ်ကား စမောင်းတဲ့နေ့မို့ ကျွန်တော့်ကို လာစောင့်ကြည့်ကြတာပါ" လူရွယ်က ခပ်သွက်သွက်ပြန်ဖြေတယ်။

ရုတ်တရက် ကျွန်မမျက်ရည်ကျမိတယ်။ "သမီးရဲ့မေမေက တစ်ညလုံးကောင်းကောင်းမအိပ်ဘဲ နှိုးနေခဲ့တယ်။ သမီးနောက်ကျမှာစိုးလို့တဲ့" ဖုန်းဆက်ပြောလာတဲ့ အဖေရဲ့စကားကို ကျွန်မကြားယောင်ရင်း ဂျုးလူမျိုးတို့ရဲ့ စကားပုံတစ်ခုကို ကျွန်မ သွားသတိရမိတယ်။

အဖေကသားကို ပစ္စည်းပေးတဲ့အချိန် သားရယ်တယ်။
သားကအဖေကို ပစ္စည်းပေးတဲ့အချိန် အဖေငိုတယ်။

သင်ရော မျက်ရည်ကျခဲ့ပြီလား! အခုထက်ထိ ကျွန်မမျက်လုံးမှာ မျက်ရည်တွေ စွတ်စိုနေဆဲပါ။ ဆံဖြူဖြူမိဘတွေပေးဆပ်တဲ့ တည်တည်ငြိမ်ငြိမ်မေတ္တာကို ကျွန်မတို့ ဂရုမစိုက်မိတာ နှစ်ဘယ်လောက်တောင် ကြာခဲ့ပြီလဲ! အဲဒီမေတ္တာကို ဝန်တစ်ခုလို့ ကျွန်မတို့ထင်ခဲ့ကြတယ်။ သူတို့ရဲ့ အသေးစိတ်ဂရုစိုက်တဲ့ စကား၊ အမေးတွေကို စိတ်ရှုပ်ရှုပ်နဲ့ ကျွန်မတို့ငြင်းဆန်အာခံခဲ့တယ်။ သူတို့ရင်ထဲက အချစ်နဲ့ပြည့်နေတဲ့ နှလုံးသားကိုတော့ ကျွန်မတို့ သတိမထားမိခဲ့ကြဘူး။

တကယ်လို့ မိဘတွေရဲ့အချစ်ကို ကျွန်မတို့သည်းခံနားလည်ခဲ့ရင် သူတို့ပိုပြီးပျော်ရွှင် ကျေနပ်လိမ့်မယ်ထင်ပါတယ်။ စိတ်ရှည်ရှည်လေးထားပြီး သူတို့ပြောတာ၊ မေးတာကို ပြန်ပြော၊ ပြန်ဖြေမယ်။ နေကောင်း ကျန်းမာလားဆိုတဲ့ ဖုန်းလေးတစ်ချက်ဆက်ခဲ့မယ်။ သူတို့အနား တစ်ရက် နှစ်ရက်လောက် ချွဲချွဲကပ်ကပ်နေမယ်..... ဒါတွေက ဘာခက်ခဲတဲ့အလုပ်မှ မဟုတ်ပါဘူး... ကျွန်မတို့သာ စိတ်ရှိခဲ့မယ်ဆိုရင်လေ..........

မူရင်း .. http://www.duwenzhang.com/wenzhang/qinqingwenzhang/ganwuqinqing/20100427/142408.html (ဆီလျော်အောင် ဘာသာပြန်ပါတယ်)
နိုင်းနိုင်း(စနေ) ဘာသာပြန်ထားခြင်းကိုပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။
          အသင်းတော် လူငယ်များ ဂုဏ်တော်ချီးမွမ်းစဉ်    ၂၀၁၁ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့

ဘုရားသခင်သည် အချိန်တိုင်းမှာကောင်းမြတ်တော်မူ၏

ဘုရားသခင်သည် အချိန်တိုင်းမှာ ကောင်းမြတ်တဲ့ ဘုရားရှင်ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီကနေ့ယုံကြည်သူအများစု ကဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို ကောင်းကောင်းနားမလည်ကြပါဘူး
ဘာနဲ့တူသလဲဆိုတော့ သားသမီးတွေမိဘရဲ့ ကောင်းမွန်တဲ့ အကြံအစည်၊သဘောထားကို
နားမလည်နိုင်သလိုပေါ့။ သားသမီးတွေ လိုတာရှိရင် မိဘတွေကိုတောင်းမယ်၊အ၀တ်
အစား၊အစားအသောက် ငွေကြေးအစရှိသမျှပေါ့ ။အဲ့လိုတောင်းလို့ မိဘက ပေးနိုင်တဲ့အချိန်
ပေးသင့်တဲ့အချိန် ကိုကြည့်ပြီးပေးသလို မပေးနိုင်သလို၊မပေးသင့်တဲ့ အခြေအနေမျိုးတွေလည်းရှိမှာပါ
ဒါပေမဲ့ သားသမီးတွေက မိဘပေးနိုင်တဲ့အချိန်မှာတော့ အဖေအမေက ကောင်းတယ် ငါတို့ကိုချစ်တယ် လို့ခံယူပေမဲ့၊မပေးနိုင်တဲ့ အခြေအနေမျိုးကြောင့်မပေးဖြစ်ခဲ့ရင်တော့ မိဘတွေက ငါတို့ကိုမချစ်ဘူး ငါတို့အပေါ်မှာ မကောင်းဘူးလို့ မြင်တတ်ကြတယ်.. ကျွန်တော်လည်း ဒီအတိုင်းပါပဲ ငယ်စဉ်အခါက မိဘတွေရဲ့ ကိုယ့်အပေါ်မှာထားခဲ့တဲ့ မေတ္တာ စေတနာကို နားမလည်ခဲ့ဘူး။ ဒီကနေ့နားလည်တဲ့အချိန်ကြတော့ အဖေက အနားမှာမရှိတော့ဘူး..
ဒီလိုပါပဲ ယုံကြည်သူတွေက ဘုရားသခင်ကောင်းမြတ်တယ်။ဘုရားသခင်ကျွန်တော် ကျွန်မတို့ကိုချစ်တယ်လို့ နှုတ်အားဖြင့်ပြောဆိုနေကြပေမဲ့ တကယ်ဘုရားသခင်ကောင်းမြတ်ခြင်းကိုနားမလည်တဲ့သူတွေအများကြီးရှိနေတယ်.. လုပ်သမျှ ကြံစည်သမျှ အခက်အခဲဘေးအန္တာရယ်တွေကလွတ်မြောက်တယ်ဆိုရင် ကျေးဇူးတော်ပဲ၊ဘုရားသခင်ကောင်းမြတ်လိုက်တာလို့ ၀န်ခံနိုင်ပေမဲ့ ။လုပ်သမျှမဖြစ်တဲ့အခါ ကြံစည်သမျှ မအောင်မြင်တဲ့အခါ အခက်အခဲများနဲ့ကြုံရတဲ့အခါ ဆိုရင်တော့ ကိုယ်တော်ဘယ်လိုလဲ၊ဘာကြောင့်လည်း ဆိုတဲ့မေးခွန်းတွေမေးတတ်ကြတယ်.. ဒီနေ့ဘုရားသခင်ကောင်းမြတ်ခြင်းဟာ ကျွန်တော်တို့ရဲ့အခြေအနေနဲ့ မဆိုင်ပါဘူး၊ ကျွန်တော်တို့ရဲ့အခြေအနေတွေပေါ်မှာ ကြည့်ပြီး ဘုရားကောင်းတယ် မကောင်းဘူးလိုက်ဆုံးဖြတ် ခံယူနေမယ်ဆိုရင် မှားနေပြီ။ ဘာကြောင့်လည်း ဆိုတော့လူဟာ ဘယ်တော့မှ တည်ငြိမ်တဲ့ အခြေအနေမှာ မရှိနိုင်ဘူး။ လူဟာ အိတ်ကတ် ဖေါင်းနေရင် စိတ်ပြောင်းတတ်တယ် မဟုတ်လား။အိတ်ကတ်ပြားနေရင် လည်း စိတ်ကစားတတ်ပြန်တာပဲ၊ ဒါကြောင့် အခြေအနေပေါ်မှုတည်ပြီး ဘုရားကိုယုံကြည်အားကိုးတဲ့သူဟာ ဘယ်တော့မှ ဘုရားကောင်းမြတ်ခြင်းကို မမြင်နိုင်ဘူး၊ ဘုရားသခင်ကောင်းမြတ်ခြင်း အပေါ်မှာ မှုတည် တဲ့သူကိုတော့ အခြေအနေတိုင်းမှာ အောင်မြင်ခွင့်ကို ဘုရားရှင်ပေးနိုင်တယ်..ဒါကြောင့်ကျွန်တော်အနေနဲ့မိတ်ဆွေများကို တိုက်တွန်းချင်တာက မယုံကြည်သူတွေလို အခြေအနေပေါ်ကြည့်ပြီး အသက်မရှင်ပါနဲ့. ဒီနေ့ တိုင်းပြည်အခြေအနေ၊ရာသီဥတု အခြေအနေ၊မိသားစု အခြေအနေ၊ကမ္ဘာကြီးပြောင်းလဲနေတဲ့ အခြေအနေ၊စီးပွားရေးအခြေအနေ၊ ကျမ္မာရေးအခြေအနေ စားဝတ်နေရေးအခြေအနေတွေ ကြောင့် စိတ်ပျက်မနေပါနဲ့ အဲ့ဒီအခြေအနေတွေက ကျွန်တော်တို့ ဆွဲချမဲ့အခြေအနေတွေပဲဖြစ်တယ် အဲ့ဒီအခြေအနေတွေကိုကြည့်နေသရွှေ့ ကျွန်တော်တို့အောင်မြင်မှာမဟုတ်ဘူး ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို ယုံကြည်ပါ။အားကိုးပါ။   ရှင်ယောဟန်သြ၀ါဒစာ ပဌမစောင် ၄း၎  သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက်သာ၍ကြီးတော်မူ၏
ဒီကနေ့ ကျွန်တော်တို့ဘက်မှာ၊ ကျွန်တော်တို့အထဲမှာ ရှိသောသူဟာ တခြားသူမဟုတ်ပါဘူး၊အရာခပ်သိမ်းကို ဖန်ဆင်းပိုင်သတဲ့ဘုရားရှင်ဖြစ်တယ်၊ ဒါကြောင့်သင်အခြေအနေတွေကိုကြည့်ပြီး စိတ်ဓါတ်ကျနေခဲ့ရင် ကျွန်တော်လို  ငါ့ဘက်မှာရှိတဲ့သူဟာ လောကဘက်မှာ ရှိတဲ့သူထက် သာ၍ကြီးတယ်လို့ ယုံကြည်ခြင်းနဲ့ခွန်အားယူလိုက်ပါ။ ရှင်ပေါလု သွန်သင်သလို we walk by faith not by side.
ယုံကြည်ခြင်းနဲ့လျှောက်လှမ်းရင် အခြေအနေတိုင်းမှာ ဘုရားသခင်ကောင်းမြတ်ခြင်းကိုသင်မြင်တွေ့လာမှာပါ။
ဘုရားသခင်ကောင်းကြီးပေးပါစေ

Wednesday, June 22, 2011

အသင်းတော်တည်နေရာ

ကျေးဇူးတော်အသင်းတော်
နမ့်လတ် ။ ဆွဲ (၁၁)
တန်ဘန် ..ရိမ်ကုတ်
အမ်ဖေ ...မှိုင်းလ ..ကျန်ဝပ် .. ချင်းရိုင်း
ဖုန်း..081-0264508/083-3246584/ 053-150062


Grace Church (Chiang Rai)
ban.. Nam Hlart
Ampur ..mung
Tambol ..rimkok
Chiang Rai  ..Thailand

အသင်းတော်ဝတ်ပြုချိန်

တနင်္ဂနွေနံနက် ... ၁၀း၀၀ မှ ၁၀း ၃၀ ကျမ်းစာသင်ကြားခြင်း
၁၀း၃၀မှ ၁၁း၀၀ အထိချီးမွမ်းခြင်းနှင့်ဝတ်ပြုကိုးကွယ်ခြင်း
၁၁း၀၀ မှ ၁း၀၀ အထိဝတ်ပြုခြင်း
ည ၇း၃၀ မှ ၈း၀၀ ချီးမွမ်းခြင်းနှင့်ဝတ်ပြုကိုးကွယ်ခြင်း
၈း၀၀ နာရီမှ ၉း၀၀ ၀တ်ပြုခြင်း
တနင်္လာ ညတိုင်း ၈း ၀၀ နာရီတွင် အသင်းတော်အထူးဆုတောင်းချက်များကို ဆုတောင်းခြင်း
အင်္ဂါနေ့မှ ကြာသပတေး ညအထိ ၈း၀၀ နာ၇ီတွင် အသင်းသူ/သားများ အိမ်လှည့်ဝတ်ပြုဆုတောင်းခြင်း

လာရောက်ပါဝင် ၀တ်ပြုပါရန်ခရစ်တော်၏နာမဖြင့် ဖိတ်ခေါ်ပါသည်။